လိင်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်း ဆိုတာ ဘာလဲ
Sexual Dysfunction လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေဆိုတာ ကျား၊ မ အသက်အရွယ်မရွေး လိင်မှုကိစ္စပြီးမြောက်လို့ ကာမအထွဋ်အထိပ်ရောက်ရှိမှုကို အဟန့်အတားဖြစ်စေတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒီလိုပြဿနာတွေကို ခန္ဓာကျန်းမာရေး၊ စိတ်ကျန်းမာရေးအပြင် ကြီးပြင်းလာတဲ့အခြေအနေပေါ် မူတည်ပြီး ကြုံတွေ့ရနိုင်ပါတယ်။
ဒီလိုချို့ယွင်းချက်တွေက ဘယ်လောက်ထိ အဖြစ်များလဲ။
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူ (၁၀) ဦးမှာ (၉) ဦးလောက်က လိင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ ရှိနေသလို၊ အရမ်းကို ကျန်းမာပြီး လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်ရည် ကောင်းပါတယ်ဆိုတဲ့သူတွေတောင် တစ်ခါတလေ လိင်မှုကိစ္စဆောင်ရွက်တဲ့အခါမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ တော်တော်လေးအဖြစ်များတယ်ဆိုပေမယ့် လူအများစုက ကိုယ့်မှာဒီလိုပြဿနာရှိတာကို ရှက်စိတ်ကြောင့် ဖွင့်မပြောတတ်သလို ကုသမှုခံယူဖို့လည်း ဝန်လေးတတ်ကြပါတယ်။ ဒီလိုလူတွေထဲမှာ ယောက်ျားလေးတွေက ပိုများတတ်ပါတယ်။
လိင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေက ဘာတွေလဲ။
ဒီချို့ယွင်းချက်တွေကို အဓိကအုပ်စုကြီးအနေနဲ့ ခွဲခြားရမယ်ဆိုရင် -
၁။ စိတ်ဆန္ဒပိုင်းဆိုင်ရာ ပြဿနာများ - လိင်စိတ်ဆန္ဒ လျော့နည်းလာခြင်း သို့မဟုတ် လိင်မှုကိစ္စအပေါ် စိတ်ဝင်စားမှု မရှိတော့ခြင်း
၂။ လိင်စိတ်ထကြွမှုဆိုင်ရာ ပြဿနာများ - လိင်မှုကိစ္စဆောင်ရွက်နေချိန် ရုပ်ပိုင်းဆိုင်ရာအရရော လိင်ပိုင်းဆိုင်ရာအရပါ စိတ်အားထက်သန်မှုနည်းသွားခြင်း
၃။ လိင်စိတ်အထွဋ်အထိပ်ဆိုင်ရာ ပြဿနာများ - ဆန္ဒပြီးမြောက်ရန် မြန်လွန်းခြင်း၊ ကြာလွန်းခြင်း သို့မဟုတ် မပြီးမြောက်နိုင်ခြင်း
၄။ နာကျင်မှုဆိုင်ရာ ပြဿနာများ - ထိုးသွင်းဆက်ဆံနေချိန်မှာ နာကျင်မှုဝေဒနာ ခံစားရတာတွေပဲ ဖြစ်ပါတယ်။
သူ့ရဲ့လက္ခဏာတွေကတော့
- လိင်တံထောင်မတ်နိုင်ရန် ခက်ခဲခြင်း
- လိင်တံထောင်မတ်နိုင်စွမ်းအား ကျဆင်းခြင်း
- လိင်စိတ်ဆန္ဒ လျော့နည်းလာခြင်း
- သုက်လွှတ်မြန်ခြင်း၊ ကြာခြင်း
- မိန်းမကိုယ် ခြောက်သွေ့လွန်းခြင်း
- ရုပ်ပိုင်းဆိုင်ရာ ထိတွေ့နေချိန်မှာတောင် လိင်စိတ်ကြွတက်လာမှုမဖြစ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
လိင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ ဖြစ်လာစေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။
- စိတ်ဖိစီးမှုများလာပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ခံစားနေရခြင်း
- နာကျင်ကိုက်ခဲမှု၊ ဖျားနာခြင်းဝေဒနာတွေ ခံစားနေရခြင်း
- ရောဂါအတွက် ပြင်းထန်တဲ့ပျောက်ဆေး၊ ကုထုံးတွေနဲ့ ကုသမှုခံယူနေရခြင်း
- ဟော်မုန်းမျှခြေ ပျက်ယွင်းခြင်း
- အမျိုးသမီးများ ကိုယ်ဝန်ဆောင်ခြင်း၊ သွေးဆုံးခြင်း
- အသက် (၄၀) နဲ့အထက် ကြီးရင့်လာခြင်း
- ကျန်းမာရေးမကောင်းခြင်း
- လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ စိတ်ဒဏ်ရာရခဲ့ဖူးခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဘယ်လို ကုသနိုင်မလဲ။
ကုသနည်းတွေကတော့ ဖြစ်နေတဲ့ ပြဿနာနဲ့ အကြောင်းရင်းပေါ် မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ ဒီနည်းလမ်းတွေထဲမှာ
၁။ စိတ်ကုထုံးများဖြင့် ကုသမှုခံယူခြင်း
၂။ ဟော်မုန်းအစားထိုး ကုသမှုခံယူခြင်း
၃။ သောက်ဆေးများ ပေးခြင်း
၄။ တစ်ချိန်ကဖြစ်ခဲ့ဖူးသော လိင်ပိုင်းဆိုင်ရာ စိတ်ဒဏ်ရာများကို ဖြေရှင်းကုစားပေးခြင်း
၅။ အတွေးအခေါ်နှင့် အပြုအမူပိုင်းဆိုင်ရာ ကုထုံးများ စတဲ့နည်းလမ်းတွေနဲ့ ကုသပေးနိုင်ပါတယ်။
ပုံမှန်အားဖြင့် လိင်ပိုင်းဆိုင်ရာချို့ယွင်းချက်တွေဟာ ကျန်းမာရေးပြဿနာမဟုတ်တဲ့တိုင်အောင် ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝမျိုး ပိုင်ဆိုင်ရစေဖို့အတွက် ဒီပြဿနာတွေကို ထိန်းချုပ်၊ ကုသပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
ရဲမျိုးမြတ်